စုပ်ခွက်ငါးကိုအလှမွေးငါးမှန်ကန်တွေထဲမှာငါးကန်ရေညှိအညစ်အကြေးတွေရှင်းဘို့အတွက် အလှမွေးငါးသမားတွေကရောင်းချပေးကြတာသိကြမှာပါ။ တစ်ကယ်တော့ စုပ်ခွက်ငါးဟာ မြန်မာနိုင်ငံရဲ့ ဒေသမျိုးရင်းငါးမဟုတ်ဘဲတောင်အမေရိကဒေသမျိုးရင်းငါးဖြစ်ပြီး အလှမွေး ငါးအနေနဲ့ အိမ်နီးချင်းနိုင်ငံများမှ မြန်မာနိုင်ငံအတွင်းတင်သွင်းလာခဲ့ပြီးဖြန့်ဖြူး ရောင်းချရာ ကနေအလှမွေးငါးမွေးမြူသူများကဝယ်ယူမွေးမြူကြပြီး သဘာဝရေချိုရေပြင်ကိုအလွယ် တကူလွတ်ကြတာကြောင့် သဘာဝရေပြင်ရဲ့ ဂေဟစနစ်နဲ့ ရာသီဥတုအခြေအနေပေးတာ တွေကြောင့်ပေါများလာခဲ့တာဖြစ်ပါတယ်။ စုပ်ခွက်ငါးတွေဟာသဘာဝရေပြင်မှာရေညှိတွေကိုစားကြပြီးအကြမ်းခံတဲ့ ငါးမျိုးတွေဖြစ်လို့ ဒေသခံတိုင်းရင်းငါးမျိုးတွေရဲ့ အစာနဲ့ နေရာတွေကိုရယူယှဉ်ပြိုင်တဲ့ ထိခိုက်မှုတွေရှိလာ နိုင်ပါတယ်။ စုပ်ခွက်ငါးမျိုးတွေဟာသဘာဝ (သို့မဟုတ်) ငါးကန်တွေထဲမှာကန်အောက်ခြေမှာ ရှိတဲ့ အကျိအချွဲ၊ ရေညှိ၊ တီကောင်၊ ရေနေအင်းဆက် သားလောင်းတွေကိုစားကြပြီး တွင်းတူးအသိုက်လုပ်မျိုးပွားကြလေ့ရှိပါတယ်။ စုပ်ခွက်ငါးတွေဟာအသားစားငါးမျိုးတော့ မဟုတ်ပါဘူး၊ ငါးကန်အတွင်းခြောက်သွေ့တဲ့ရာသီရေရှားပါးလာတဲ့ အချိန်မှာပြင်ပလေကို တိုက်ရိုက်ရှုနိုင်တာကြောင့် အသက်ရှင်နေနိုင်စွမ်းရှိကြပါတယ်။ ဒါကြောင့် တစ်ချို့သောနှစ်စဉ် ကုန်မဖော်တဲ့ ငါးကန်တွေမှာကန်အခမ်းပက်ဖော်တဲ့အခါ စုပ်ခွက်ငါးတွေအများအပြား တွေ့ရှိကြရပါတယ်။ စုပ်ခွက်ငါးတွေရဲ့ ပြင်ပရုပ်လက္ခဏာကြောင့်ရယ်၊ အရိုးမာတွေပါရှိပြီး အသားနည်းတာကြောင့်မစားကြပါဘူး။ စုပ်ခွက်ငါးတွေဟာငါးကန်တွေထဲမှာ ကန်ဘောင်တွင်း ကျင်းတူးနေလေ့ရှိတာကြောင့် ကန်ဘောင်ပျက်စီးခြင်း၊ ကျောဆူးတောင်နဲ့ ရင်ရေယက် ဆူးတောင်တွေမာကြောပြီးရှည်တာကြောင့် ပိုက်ဆွဲငါးဖော်တဲ့အခါ ငါးဖမ်းပိုက်တွေကိုညှိပြီး ပျက်ဆီးစေတာကြောင့် ၎င်းတို့ကိုဖယ်ရှားစွန့်ပစ်ရတဲ့ ဒုက္ခတွေကြုံကြရပါတယ်။ သဘာဝရေပြင် (သို့မဟုတ်) ငါးကန်တွေထဲရောက်ရှိလာခဲ့ရင် အလုံးစုံဖယ်ရှားပစ်ဘို့ ခဲယဉ်းပြီး ထပ်မံမဝင်ရောက်ဖို့အတွက် ကန်ရေသွင်းတဲ့အခါ ပိုက်များကာရံပြီးရေစစ်သွင်းခြင်းပြုလုပ်ဖို့ လိုအပ်ပါမယ်။ အရိုးများပြီးအသားနည်းတာကြောင့် စားတဲ့လူအလွန်နည်းပြီးစားငါးအနေနဲ့ ဈေးကွက်မရှိတဲ့ ငါးမျိုးဖြစ်တာကြောင့်ရယ်၊ မွေးငါးတွေရဲ့ ကျွေးတဲ့အစာနဲ့ သဘာဝအစာ တွေလုယူစားလေ့ရှိတာရယ်၊ ပမာဏများလာရင်ငါးကန်နေရာယူပြီးအသုံးမတည့်တဲ့ ငါးတွေ ဖြစ်တာ ကြောင့် ငါးမွေးကန်သမားတွေကမကြိုက်ကြပါဘူး။
ဒါ့ကြောင့်အသုံးမတည့်တဲ့ငါးမျိုးတွေသဘာဝရေပြင်ကိုလွတ်တာကြောင့်ဒေသမျိုးရင်းငါးမျိုးတွေကို သွယ်ဝိုက်ပြီးထိခိုက်စေနိုင်တာကြောင့် အလှမွေးငါးဝါသနာပါပြီးမွေးမြူကြတဲ့လူတွေ၊ ငါးမွေးကန်သမားတွေဟာသဘာဝရေပြင်ကိုအမှုအမှတ်မဲ့ လွတ်တာတွေရှောင်ရှား ကြရမှာ ဖြစ်ပြီးစွန့်ပစ် (သတ်ပြစ်) ရင်လဲပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် စနစ်တကျ စွန့်ပစ်ကြဘို့ လိုပါကြောင်းနှင့် မြစ်ချောင်းကန်များအတွင်းလွတ်ခြင်း၊ မွေးမြူခြင်းမပြုကြရန် အသိပေး ကြောင်း နှိုးဆော်အပ်ပါတယ်။
ငါးလုပ်ငန်းဦးစီးဌာန