အဓိကအကြောင်းအရာသို့ သွားမည်
x
ရေချိုရေငန်သယံဇာတထိန်းသိမ်းရေးဌာစိတ်

ရည်ရွယ်ချက်

၁။

ငါးလုပ်ငန်း စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ငါးလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော ငါးလုပ်ငန်းစီမံခန့်ခွဲမှုများ ကို အထောက်ကူပြုရေးတို့ဖြစ်ပါသည်။ 

ရေချို/ရေငန်ငါးသယံဇာတထိန်းသိမ်းရေးဌာနစုလုပ်ငန်းဆောင်ရွက်ချက်များ

၂။

ရေချို/ရေငန်ငါးသယံဇာတထိန်းသိမ်းရေးဌာနစုသည်အောက်ပါအတိုင်း လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါသည်-

 

(က)

ရေချိုကုန်းတွင်းဒေသရှိ မြစ်ချောင်းအင်းအိုင်များတွင် ရေချိုငါး သယံဇာတများ တည်ရှိမှု၊ ပေါက်ပွားမှု၊ ပျံ့နှံ့မှုများကို တိုင်းတာခြင်း၊ ရာသီဥတုအလိုက် ပေါကြွယ်မှု ကို ဒေသအလိုက် ခွဲခြားမှတ်တမ်းပြုစုခြင်း

 

(ခ)

မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက် ရေပြင်များတွင် ငါးလုပ်ငန်း သယံဇာတ တည်ရှိမှု၊ ပေါက်ပွားမှု၊ ပျံ့နှံ့မှုကို တိုင်းတာခြင်း၊ ရာသီဥတုအလိုက်  ပေါကြွယ်မှုကို ဒေသအလိုက် ခွဲခြားမှတ်တမ်းပြုစုခြင်း၊ အကဲဖြတ်ခြင်း

 

(ဂ)

ရေချိုရေငန်ငါးများနှင့် ရေသတ္တဝါများကို သတ္တဗေဒအမည်ပေးစနစ် နှင့်အညီ မျိုးခွဲခြားခြင်း၊ နမူနာကောင်များကို ထိန်းသိမ်းခြင်း၊ 

 

(ဃ)

ငါးများမျိုးပွားသားပေါက်ခြင်း နှင့် သားပေါက်ပြုစုသော သဘာဝနေရာများကို        ဖော်ထုတ်၍ အကာအကွယ်ပေးခြင်း ၊ ပညာပေးခြင်း။

Dr.Fridtjof  Nansenသုတေသနရေယာဉ်ဖြင့် ငါးသယံဇာတသုတေသန ဆောင်ရွက် ခဲ့မှုများ

၃။

Dr.  Fridtjof    Nansen သုတေသနရေယာဉ်ဖြင့် ငါးသယံဇာတကြည့်ရှုမှုအား ၁၉၇၉ ခုနှစ်၊ စက်တင်ဘာလမှ နို၀င်ဘာလအထိ (၁) ကြိမ်၊  ၁၉၈၀ ခုနှစ်၊  မတ်လမှ ဧပြီလအထိ (၁) ကြိမ်၊ ၂၀၁၃ ခုနှစ်၊ နို၀င်ဘာလ (၁၃) ရက်မှ ဒီဇင်ဘာလ (၁၉) ရက်နေ့ထိ (၁)  ကြိမ် ၊   ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၅)ရက်မှ ဇွန်လ (၁၈) ရက်နေ့ထိ (၁)ကြိမ်၊  ၂၀၁၈ ခုနှစ်၊ ဩဂုတ် လ (၂၄)ရက်မှ စက်တင်ဘာလ (၂၉) ရက်နေ့ထိ (၁) ကြိမ်၊ စုစုပေါင်း (၅) ကြိမ် မြန်မာ့ ပင်လယ်ပြင်တွင် ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါသည်။ ၂၀၂၄-၂၀၂၅ ခုနှစ် ကမ်းနီးရေပြင် အတွင်း သုတေသနပြုရန်ကျန်ရှိနေသည့် အတွက် တနင်္သာရီကမ်းရိုးတန်းရှိ ရေအနက် မီတာ (၂၀) အတွင်း ငါးသယံဇာတ တည်ရှိမှုနှင့် ငါးသားပေါက် ရာသီအား လေ့လာရန် ဌာနမှ တနင်္သာရီငါးလုပ်ငန်း အဖွဲ့ချုပ် (TRFF) နှင့် ပူးပေါင်းဆောင်ရွက်ရန် ဝန်ကြီးဌာနသို့ တင်ပြထားရှိပါသည်။

၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းတိုးတက်မှုအခြေအနေ 

၄။

ဂျင်းခရု သုတေသနလုပ်ငန်း  ဆောင်ရွက်ထားရှိမှုအခြေအနေ

ဂျင်းခရုသုတေသန လုပ်ငန်းကိုမြိတ်ခရိုင်ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ်ရှိ ဂျင်းခရုမွေးမြူ သော ကျေးရွာများနှင့်သားပေါက်ကုန်းဧရိယာများတွင် TRFF Fund ဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင်စတင်ခဲ့ပြီး  ၂၀၂၄ ခုနှစ်၊ မတ်လတွင် ပြီးဆုံးခဲ့သည်။ ပြည်ပတင်ပို့မှု အတွက် (၁) ကီလို တွင် ဂျင်းခရု ကောင်ရေ (၁၂၀)၊ ၂၅ မီလီမီတာ အရွယ်အစားထက် မသေးငယ်သင့်ကြောင်း သုတေသနရလာဒ် အကြံပြုချက်အပေါ် လိုအပ်မည့်ညွှန်ကြားချက် ထုတ်ပြန်နိုင်ပြီး ဖြစ်သည်။ ဂျင်းသားပေါက်ကုန်းများအား ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ထိန်းသိမ်းမည့်ဧရိယာ၊ ထိန်းသိမ်းမည့်ကာလသတ်မှတ် ထုတ်ပြန်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် ဆောင်ရွက်ထားပြီး၊ အဆိုပါရလာဒ်များအရ ဂျင်းခရုလုံးဝမဖမ်းဆီးရ ထိန်းသိမ်းရေး ဧရိယာ (၃) ခု ညွှန်ကြားချက်ထုတ်ပြန်ရန် ဆောင်ရွက်လျက်ရှိသည်။ ဂျင်းခရုသုတေသနလုပ်ငန်း၏ ရလဒ်များအားစုစည်း၍ အစီရင်ခံစာထုတ်ပြန်၍ ဒေသခံ များ အကျိုးစီးပွားအတွက် အသိ ပညာပေး ဆောင်ရွက်သွားမည်ဖြစ်သည်။

၅။

အင်းတော်ကြီးဒေသခံများ ကိုယ်တိုင်ပူးပေါင်းပါဝင်သော ငါးထိန်းသိမ်းရေးဇုံများ ထူထောင်ခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ

ငါးလုပ်ငန်းဦးစီးဌာနနှင့် Fauna & Flora- Myanmar Program တို့ ပူးပေါင်း၍  ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသတွင် ၂၀၁၃ ခုနှစ်ကစပြီး အင်းတော်ကြီးငါးလုပ်ငန်းနှင့်အတူ ဒေသခံများနဲ့ပူးပေါင်း၍ အင်းတောကြီးကန်အတွင်းနှင့် ရေဝေ ရေလည်း‌ ဒေသများတွင် ငါးလေ့လာရေးလုပ်ငန်းများပြုလုပ်ခဲ့ပြီး စံသတ်မှတ်ချက် များနှင့် ကိုက်ညီသော ငါးထိန်းသိမ်းရေးဇုံစုစုပေါင်း  (၆) နေရာကို‌  ဒေသခံများ ကိုယ်တိုင်ပူးပေါင်းပါဝင်ထိန်းသိမ်းသော ငါးထိန်းသိမ်းရေဇုံ သတ်မှတ်နိုင်ရေး အတွက် ဒေသခံများနှင့် အတူရွေးချယ်သတ်မှတ်နိုင်ခဲ့ ၂၀၁၅ခုနှစ်တွင် ကချင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူးမှ ထိုထိန်းသိမ်းရေးဇုံစုစုပေါင်း (၆) နေရာကို တရားဝင် ထိန်းသိမ်းရေးဇုံ အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။

ဆက်လက်ဆောင်ရွက်မည့်အခြေအနေ

ထိုထိန်းသိမ်းရေးဇုံ (၆) ခုအပြင် အင်းတော်ကြီးဒေသတွင် ထိန်းသိမ်းရေးဇုံများ အသစ်ထက်တိုးနိုင်ရန်အတွက် ငါးထိန်းသိမ်းရေးဇုံတည်ထောင်ရာတွင် သတ်မှတ်သော စံသတ်မှတ်ချက်များနှင့်ကိုက်ညီသော မနခေါကျေးရွာရှိ နမ့်ပလန်းချောင်းကို ၂၀၂၂ခုနှစ် ကစပြီး ရေချိုလိပ်ပေါများမှုကို အခြေခံပြီး နမ့်ပလန်းရေချိုလိပ်နှင့် ငါးထိန်းသိမ်းရေး ဧရိယာကို ၂၀၂၄ခုနှစ်တွင် ဒေသခံနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ သဘောထား မှတ်ချက်များနှင့်အတူ ခရိုင်ငါးလုပ်ငန်းဦးစီးထံ မှတဆင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ထံတွင် တင်ပြဆောင်ရွက်ထားပါသည်။

၆။

တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ငါးထိန်းသိမ်းရေးဇုန်များ ထူထောင်ခြင်း

ဆောင်ရွက်ပြီးစီးမှုအခြေအနေ

Fauna & Flora ၏ တည်ထောင်ပြီးသောစုစုပေါင်းရေပြင်ဧရိယာမှာ (၉၉၇၂.၆၆၈) ဖြစ်ပြီး ဘုတ်ပြင်းမြို့နယ်တွင် လငန်းရေပြင်ထိန်းသိမ်းရေးဧရိယာ (၄၄၉၁.၆၀၆ ဟက်တာ)နှင့် ကျွန်းစုမြို့နယ်၊ သဲရောသဲတန်းကြီးကျွန်းပေါ်တွင် တည်ရှိသော ဒုံးပုလဲအော်ရေပြင် ထိန်းသိမ်း ရေးဧရိယာ (၁၈၇၆.၅၂၇ ဟက်တာ) နှင့် လင်းလွန်း-ပရောဝါးရေပြင် ထိန်းသိမ်း ရေး ဧရိယာ (၃၆၀၄.၅၃၅ ဟက်တာ)တို့ ဖြစ်ပါသည်။

ဆက်လက်ဆောင်ရွက်မည့်အခြေအနေ‌

၂၀၂၄ ခုနှစ်အတွင်းတနင်္သာရီတိုင်းဒေသကြီးဒုံးကျွန်းပေါ်၌ရှိသော ကျေးရွာ (၄) ရွာမှ ဒေသခံများ ကိုယ်တိုင် ဦးဆောင်၍ ရေပြင်ထိန်းသိမ်းရေးဧရိယာများကို ငါးလုပ်ငန်း ဦးစီးဌာနမှတရားဝင် အသိအမှတ်ပြုရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ 

ထို့အပြင်ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံ(မကျည်း)၊ တနင်္သာရီတိုင်းဒေသကြီး ဒိုမယ်နှင့်ကံမော်ကျွန်းများရှိ ကျေးရွာများမှဒေသခံများကိုယ်တိုင် ဦးဆောင်၍ ရေပြင် ထိန်းသိမ်းရေးဧရိယာများကို ငါးလုပ်ငန်းဦးစီးဌာနမှ အသိအမှတ်ပြုရန် ဆက်လက် ဆောင်ရွက်မည်ဖြစ်သည်။