ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ
ပတ်၀န်းကျင်နှင့် မျိုးသုဉ်းရှားပါးရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစိတ်
နောက်ခံသမိုင်း၊ လုပ်ငန်းစဉ်များနှင့် ရည်ရွယ်ချက်
ငါးလုပ်ငန်းဦးစီးဌာနသည် ၂၀၀၂ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော ဧရာဝတီမြစ်အတွင်းရှိ ဧရာဝတီလင်းပိုင် သုတေသနနှင့်ထိန်းသိမ်းရေးလုပ်ငန်းအား အရှိန်တိုးမြှင့်နိုင်ရန် ပတ်ဝန်းကျင်နှင့် မျိုးသုဉ်း ရှားပါး ရေသတ္တဝါများထိန်းသိမ်းရေးဌာနစုကို ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ အောက်၌ ၂၀၀၆ ခုနှစ် တွင် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ အောက်ပါရည်ရွယ်ချက်များနှင့်အညီ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါးသတ္တဝါများ ထိန်းသိမ်းရေးဌာနစုသည် ဧရာဝတီမြစ်အတွင်းရှိ ဧရာဝတီလင်းပိုင်၊ ကမ်းရိုး တစ်လျှောက်ရှိ ဧရာဝတီ လင်းပိုင်အပါအဝင် ဝေလငါး၊ လင်းပိုင်၊ လင်းရှူးနှင့် ရေဝက် သုတေသနနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ပင်လယ်မြက်နှင့် သန္တာကျောက်တန်း သုတေသနှင့် ထိန်းသိမ်းရေးလုပ်ငန်းများတွင် လည်း ပေါင်းစပ်ပါဝင် ဆောင်ရွက်ခဲ့ပါသည်။
ရည်ရွယ်ချက်များမှာ -
- | ဧရာဝတီလင်းပိုင် သုတေသနနှင့်ထိန်းသိမ်းရေးလုပ်ငန်းများ အလေးထားကြိုးပမ်း ဆောင် ရွက် သွားရန်၊ |
- | ပြည်တွင်း ပြည်ပ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီမြစ်အတွင်း ဧရာဝတီ လင်းပိုင် သုတေသနနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်စပ်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုး ရေး အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ |
- | ဧရာဝတီလင်းပိုင်အပါအဝင် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်ရှိ ရေနေနို့တိုက် သတ္တဝါများ ဖြစ်သည့် ဝေလငါး၊ လင်းပိုင်း၊ လင်းရှူးနှင့် ရေဝက်သုတေသနနှင့် ထိန်းသိမ်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်၊ |
- | ထို့အပြင် ပင်လယ်လိပ်၊ ပင်လယ်မြက်နှင့် သန္တာကျောက်တန်းကဲ့သို့ အခြားသော မျိုးသုဉ်း ရှားပါး အဏ္ဏဝါမျိုးစိတ်များ သုတေသနနှင့် ထိန်းသိမ်းရေး လုပ်ငန်းများတွင်လည်း ပေါင်းစပ် ပါဝင်ဆောင်ရွက် သွားရန်၊ |
၁။ | ဧရာဝတီလင်းပိုင်၊ ဝေလငါး၊ လင်းပိုင်း၊ လင်းရှူးနှင့်ရေဝက် သုတေသနနှင့်ထိန်းသိမ်းရေး | |
| (က) | ၂၀၀၂ ခုနှစ်တွင် ငါးလုပ်ငန်းဦးစီးဌာနသည် သားငှက်ထိန်းသိမ်းရေးအဖွဲ့ - WCS ၏ ပူးပေါင်းမှုဖြင့် သစ်တောဦးစီးဌာန၊ သတ္တဗေဒဌာန (ရန်ကုန်တက္ကသိုလ်) စသည့် သက်ဆိုင် ရာ ဌာနများ ပါဝင်လျက် ကချင်ပြည်နယ် မေခ-မလိခမြစ်ဆုံမှ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကယက်ကြီးကျွန်းအထိ ဧရာဝတီမြစ်အစအဆုံး ဧရာဝတီ လင်းပိုင် သုတေသနခရီးစဉ်အားဆောင်ရွက်ခဲ့ပြီး၊ ၂၀၀၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ နှစ်စဉ် မန္တလေးမြို့ မှ ဗန်းမော်မြို့အကြားမြစ်ပိုင်း အဆန်အစုန် ဧရာဝတီလင်းပိုင် သုတေသနပြု ဦးရေစာရင်း ကောက်ယူခြင်းနှင့် ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်မှုခရီးစဉ်များ ဆောင် ရွက်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်၊ မန္တလေးမြို့မှ ဗန်းမော်မြို့ အကြားမြစ်ပိုင်း ဧရာဝတီလင်းပိုင် သုတေသနပြု ဦးရေစာရင်း ကောက်ယူခြင်းခရီးစဉ်တွင် ဧရာဝတီလင်းပိုင် (၇၉) ကောင် တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ |
| (ခ) | ငါးလုပ်ငန်းဦးစီးဌာနသည် ဧရာဝတီလင်းပိုင်တို့ကို ထိန်သိမ်းကာကွယ် စောင့်ရှောက်ရန်၊ လက်ပစ်ကွန်ရေလုပ်သားနှင့် ဧရာဝတီလင်းပိုင်တို့ ပူးပေါင်းငါးဖမ်းဆီးသည့် ရိုးရာဓလေ့ အား အနာဂတ်မျိုးဆက်များထိ လက်ဆင့်ကမ်းသယ်ဆောင်သွားရန် ရည်ရွယ်ချက်များဖြင့် မင်းကွန်း(စစ်ကိုင်း)/ နန်းတော်ကျွန်းရွာအနီး (မန္တလေး) မှ ကျောက်မြောင်းမြို့ ရေတော် ဘုရားအထိ ဧရာဝတီမြစ်ပိုင်းဧရိယာကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက် ရေး နယ်မြေ Ayeyarwady Dolphin Protected Area အဖြစ် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် သတ်မှတ်ခဲ့ပါသည်။ ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေး အဖွဲ့ (Wildlife Conservation Society-WCS) တို့သည် ဆက်စပ်ဌာန/ အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ ဧရာဝတီလင်းပိုင်နှင့် ငါးသယံဇာတ ထိန်းသိမ်းရေး၊ တရားမဝင်ငါးဖမ်းနည်း စနစ်များ (ဘက်ထရီရှော့တိုက်ငါးဖမ်းဆီးခြင်း) လျော့ကျစေရေးအတွက် လစဉ် ကင်းလှည့် ပညာပေးလုပ်ငန်းများဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူထုကိုယ်တိုင် ပူးပေါင်းပါဝင် သော ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဖြစ်လာစေရန်၊ ထိန်းသိမ်းရေးဧရိယာအတွင်း ကျေးရွာ (၈) ရွာ ပါဝင်သောအဖွဲ့သို့ ဧရာဝတီလင်းပိုင် ပြသခြင်းနှင့် ကျေးရွာအခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်းကဏ္ဍကို အကောင်အထည်ဖော်ဆောင်ပေးခဲ့ပြီး လိုအပ် သည့် ပံ့ပိုးမှုများ ဖြည့်ဆည်းပေးခဲ့ပါသည်။ |
| (ဂ) | ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့- WCS တို့သည် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ် ၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ် အသီးသီး တစ်ကြိမ် လျင် (၅) နှစ် သက်တမ်းရှိသော နားလည်မှုစာချွှန်လွှာ (၃) ကြိမ် လက်မှတ်ရေးထိုးပြီး ဧရာဝတီ လင်းပိုင် သုတေသနနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ |
| (ဃ) | ပိုမိုထိန်းသိမ်းစောင့်ရှောက်မှု ပေးရန်ရည်ရွယ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ၏ ရေချိုငါးလုပ်ငန်းဥပဒေများအားဖြင့် ငါးလုပ်ငန်းဦးစီးဌာနသည် စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ကျွန်းကြီးကျေးရွာ (အနောက်ဖက်ကမ်း)၊ မောင်းကုန်းကျေးရွာ (အရှေ့ဖက်ကမ်း) မှ ကချင်ပြည်နယ် ရွှေကူမြို့နယ် တူးချောင်းရွာ (ရွှေကူမြို့ဖက်ကမ်း)၊ တူးချောင်းရွာ၏ တစ်ဘက်ကမ်းအထိ ၁၁၈.၅ ကီလိုမီတာ အကွာအဝေးဧရိယာ မြစ်ပိုင်း အား ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးဧရိယာ (၂) အဖြစ် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် တိုးချဲ့သတ်မှတ်ခဲ့သည်။ ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society-WCS)တို့သည် ဆက်စပ် ဌာန/ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဧရာဝတီလင်းပိုင် နှင့် ငါးသယံဇာတထိန်းသိမ်းရေး၊ တရားမဝင်ငါးဖမ်းနည်းစနစ်များ (ဘက်ထရီရှော့တိုက်ငါးဖမ်းဆီးခြင်း) လျော့ကျစေရေး အတွက် လစဉ်ကင်းလှည့်ပညာပေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ပါသည်။ |
| (င) | ၂၀၀၅ ခုနှစ်တွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society-WCS) တို့ ပူးပေါင်း၍ တနင်္သာရီကမ်းရိုးတန်း မြိတ်ကျွန်းစုတွင် လေ့လာရေးဆောင်ရွက်ခဲ့ရာ ဝေလငါး၊ လင်းပိုင်၊ လင်းရှူးမျိုးစိတ် (၇) မျိုးအား တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပြီး ဘရိုင်းဝေလငါး(Bryde’s Whale)၊ ပုလင်းနုတ်သီးလင်းပိုင် (Indo-Pacific bottlenose dolphin)၊ ကျောဘို့ရှိလင်းပိုင် (Indo-Pacific humpback dolphin)၊ နုတ်သီးရှည် ကြောင်လိမ်ဂျွမ်းထိုးလင်းပိုင် (Long-snouted spinner dolphin)၊ အပူပိုင်း ဒေသလင်းပိုင်ပြောက် (Pantropical spotted dolphin)၊ ဧရာဝတီလင်းပိုင် (Irrawaddy dolphin) နှင့် ကျောရေယက်မဲ့လင်းရှူး (Finless porpoise) တို့ဖြစ်သည်။ ဤခရီးစဉ်တွင် နုတ်သီးရှည်ကြောင်လိမ်ဂျွမ်းထိုးလင်းပိုင် (Long-snouted spinner dolphin) မျိုးစိတ်အား ကောင်ရေရာချီပါဝင်သောအုပ်စုများကို တွေ့ခဲ့ရပြီး၊ ခရီးစဉ်ပြီးဆုံးချိန်တွင် ခန့်မှန်းကောင် ရေ (၅၀၀) ဝန်းကျင်ထိတွေ့ရှိခဲ့ရသည်။ ဒုတိယအများဆုံး တွေ့ရှိခဲ့ရသောမျိုးစိတ်မှာ ပုလင်းနုတ်သီးလင်းပိုင် (Indo-Pacific bottlenose dolphin) ဖြစ်ပြီး ခန့်မှန်းကောင်ရေ ၂၀၀ ကျော်ထိ ဖြစ်သည်။ ပါးစပ်တွင်းပိုက်ကွန် သဏ္ဍာန်ပါဝေလငါး (Baleen Whale) ဘရိုင်းဝေလငါး (Bryde’s Whale) မျိုးစိတ် သားအမိတစ်တွဲတွေ့ရှိခဲ့ရပြီး ကျွမ်းကျင် ပညာရှင် Brian.D. Smith (သားငှက်ထိန်းသိမ်းရေးအဖွဲ့-WCS) မှ ၎င်းတို့၏ သားပေါက် ဖွားရာနေရာ (Breeding ground) ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့သည်။ |
| (စ) | ကမ်းရိုးတန်းဒေသနှင့် မြစ်ဝကျယ်များရှိ ဧရာဝတီလင်းပိုင်ဦးရေသည် ၂၀၁၈ ခုနှစ်တွင် လေ့လာရေးဆောင်ရွက်ခဲ့ရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ မိန်းမလှကျွန်းဝန်းကျင် ရေပြင် တွင် ဧရာဝတီလင်းပိုင် (၁၉) ကောင်၊ ၂၀၁၁ ခုနှစ်တွင် တနင်္သာရီကမ်းရိုးတန်းဒေသ၊ မြိတ်မြို့မှ ကော့သောင်းမြို့အထိ ကမ်းရိုးတန်းတစ်လျောက် လေ့လာရေးဆောင်ရွက်ခဲ့ရာ ဧရာဝတီ လင်းပိုင် (၅၉) ကောင်၊ ၂၀၁၀ ခုနှစ်တွင် ရခိုင်ကမ်းရိုးတန်းဒေသ၊ ရသေ့တောင် - စစ်တွေ - ပုဏ္ဏကျွန်း - ပေါက်တော - မြေပုံ ကမ်းရိုးတန်းတစ်လျောက် လေ့လာရေး ဆောင်ရွက်ခဲ့ရာ ဧရာဝတီလင်းပိုင် (၆၅) ကောင် အသီးသီးတွေ့ရှိခဲ့ပါသည်။ သုတေသန အသင်းအဖွဲ့များ၏ တွေ့ရှိချက်များနှင့် ကမ်းတင်သောင်တင်လာမှု မှတ်တမ်းများအရ ရခိုင် ကမ်းရိုးတန်း၏ ကျောက်ဖြူကမ်းရိုးတန်း ရေပြင်များနှင့် မွန်ပြည်နယ်၊ မုတ္တမပင်လယ်ကွေ့ ကမ်းရိုးတန်းရေပြင် များတွင်လည်း ဧရာဝတီလင်းပိုင်မျိုးစိတ် ကျက်စားမှုရှိကြောင်း သိရှိရ ပါသည်။ |
| (ဆ) | ရေနေနို့တိုက်သတ္တဝါရေဝက် သုတေသနနှင့် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်ရန် မြန်မာနိုင်ငံ၊ ငါးလုပ်ငန်းဦးစီးဌာနသည် ကုလသမဂ္ဂပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် (UNEP) လက်အောက်ခံ၊ ရွှေ့ပြောင်းသွားလာနိုင်သော တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးကွန်ဗင်းရှင်း-ရေဝက် နားလည်မှုစာချွန်လွှာအဖွဲ့ (Convention on Migratory Species-CMS Dugong MOU)နှင့် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် ပါဝင် လက်မှတ် ရေးထိုးခဲ့ပါသည်။ ငါးလုပ်ငန်းဦးစီးဌာနသည် နိုင်ငံတကာ ထိန်းသိမ်းရေး အဖွဲ့ အစည်းများ ၏ ပူးပေါင်းပံ့ပိုးမှုတို့ဖြင့် ၂၀၀၅ ခုနှစ်တွင် ရခိုင်ကမ်းရိုးတန်းဒေသ၊ ၂၀၁၀ ခုနှစ်တွင် တနင်္သာရီကမ်းရိုးတန်းဒေသ၊ ဧရာဝတီတိုင်းနှင့် ရခိုင်ကမ်းရိုးတန်းဒေသများတွင် လည်းကောင်း မေးခွန်းလွှာများမေးမြန်းခြင်းနည်းစနစ် (Interview Survey) ဖြင့် ရေဝက်-Dugong ကွင်းဆင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၆-၂၀၀၇ ခုနှစ်တွင် မြိတ်ကျွန်းစုရှိ ကျွန်းပေါင်း (၁၂) ကျွန်းတွင် ရေဝက်-Dugong နှင့် ပင်လယ်မြက်မျိုးစိတ်- Seagrass သုတေသနလုပ်ငန်းများကို ရေငုပ်ကြည့်ရှုခြင်း - snorkeling နှင့် မေးခွန်းလွှာ များ မေးမြန်းခြင်း နည်းစနစ်များကို အသုံးပြု၍ (၁) လကြာ လေ့လာခဲ့ပြီး၊ ပင်လယ်မြက် မျိုးစိတ် (၈) မျိုးကို လေ့လာခွဲခြား တွေ့ရှိခဲ့ပါသည်။ မေးခွန်းများမေးမြန်မှုရလဒ်အရ ရေဝက်အား တွေ့မြင်ဖူးသူ နည်းပါးသောဦးရေအချိုးကြောင့် တနင်္သာရီကမ်းရိုးတန်းတွင် ရေဝက်ဦးရေ သည် ရခိုင်ကမ်းရိုးတန်းလောက် ပေါကြွယ်ဝမှုမရှိသည်ကို သုံးသပ်ရပါသည်။ သောင်တင်ခဲ့သော (သို့) ငါးဖမ်းပိုက်တွင် မတော်တဆဖမ်းဆီးရမိသော အချက်အလက် များနှင့် တွေ့မြင်ဖူးသူ အရေအတွက်များကြောင့် ရခိုင်ကမ်းရိုးတန်းဒေသတွင် ရေဝက်ဦးရေ ပေါကြွယ်ဝမှု ပိုမိုနိုင်သည့် အခြေအနေရှိပြီး အဓိကဧရိယာမှာ ရခိုင်ကမ်းရိုးတန်း၏ ရခိုင် ပြည်နယ် ဂွမြို့နယ် ပင်လယ်ရေပြင်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့ (ချောင်းသာ အနီး) ပင်လယ် ရေပြင်တို့ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ |
| (ဇ) | ငါးလုပ်ငန်းဦးစီးဌာနသည် မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် များ နိုင်ငံတကာ ရောင်းဝယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း CITES ၏ နောက်ဆက်တွဲ (၁) စာရင်း ဝင် နေသည့် အဏ္ဏဝါနို့တိုက်သတ္တဝါ မျိုးစိတ် (၈) မျိုးအား ထိန်းသိမ်းစောင့်ရှောက်မှုပေးရန် ရည်ရွယ်ချက်ဖြင့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၈)အား ၂-၁-၂၀၁၈ နေ့ရက်စွဲဖြင့် ထုတ်ပြန် ခဲ့ပါသည်။ |
| (ဈ) | ငါးလုပ်ငန်းဦးစီးဌာနသည် မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် များ နိုင်ငံတကာရောင်းဝယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း CITES ၏ နောက်ဆက်တွဲ (၂) စာရင်း ဝင်နေသည့် အဏ္ဏဝါနို့တိုက်သတ္တဝါမျိုးစိတ် (၄) မျိုးအား ထိန်းသိမ်းစောင့်ရှောက်မှုပေးရန် ရည်ရွယ်ချက်ဖြင့် ညွှန်ကြားချက်အမှတ် (၅/၂၀၂၂) အား ၂၅-၇-၂၀၂၂ နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ လက်ရှိကာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာန များ၏ ခရိုင်/ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနများသည် မျိုးသုဉ်းရှားပါးရေနေ သတ္တဝါမျိုးစိတ် များ ထိန်းသိမ်းရေး ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ |
၂။ | အဏ္ဏဝါငါးလုပ်ငန်း ထိန်းသိမ်းရေး | |
| ၂၀၁၆ ခုနှစ်တွင် Letter of Agreement - LoA သဘောတူညီချက်မှတ်တမ်း လက်မှတ်ရေးထိုးပြီး၊ အဏ္ဏဝါပြင်ငါးသယံဇာတများ ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ အဏ္ဏဝါပြင်၏ ဒေသအပိုင်းအခြား အလိုက် ငါးလုပ်ငန်းများကို အမျိုးသားရေးအစီအစဉ်ဖြင့် ပြန်လည် ကောင်းမွန်စေရန်ထူထောင်ခြင်း Marine Spatial Plan- MSP၊ ပူးပေါင်းစီမံခန့်ခွဲမှု လုပ်ငန်းဆောင်ရွက်ခြင်းမှတဆင့် မြန်မာနိုင်ငံ၏ ရေငန်ငါးလုပ်ငန်းဆိုင်ရာ အသက်မွေး ဝမ်းကြောင်းလုပ်ငန်းများနှင့် ဇီဝမျိုးစုံမျိုးကွဲများအတွက် လုံခြုံမှုရရှိစေခြင်းကို ရခိုင်ပြည်နယ်မှစတင်၍ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသများတွင် ဆောင်ရွက်လျက်ရှိပါ သည်။ (၈-၈-၂၀၁၈) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျိန္တလီမြို့၊ မြောက်ဘက်ညောင်ပင်သာကျေးရွာအနီး မိချောင်းရဲချောင်းဝမှ တောင်ဘက်ကြွေချိုင် ကျေးရွာအနီး တိုင်ကျိုးချောင်းဝထိ (၁၇၉,၂၀၀ ဧက) အား ကမ်းနီးငါးလုပ်ငန်းပူးပေါင်း စီမံခန့်ခွဲမှုဧရိယာ (Inshore Fisheries Co-management Area) အဖြစ်သတ်မှတ်ခဲ့ပါသည်။ ကျိန္တလီဒေသ ကမ်းနီး ရေလုပ်ငန်း စီမံခန့်ခွဲမှုဧရိယာအတွင်း ငါးဖမ်းလုပ်ငန်းဆိုင်ရာ အချက်အလက်ကောက်ယူခြင်း လုပ်ငန်းများအား လစဉ်ဆောင်ရွက်ခဲ့ပါသည်။ ငါးဖမ်း လှေ စောင့်ကြည့်စနစ်ကိရိယာများ (Pelagic Data System-PDS) (၁၄) ခု ကို ရခိုင် ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ကမ်းနီးငါးဖမ်းလှေ (၇) စီးနှင့် ကျောက်ဖြူမြို့နယ်ရှိ ကမ်းနီးငါးဖမ်းလှေ (၇) စီး တို့တွင် တပ်ဆင်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ | |
၃။ | သန္တာကျောက်တန်းထိန်းသိမ်းရေး | |
| ငါးလုပ်ငန်းဦးစီးဌာနသည် ရာသီဥတုပြောင်းလဲလာမှုနှင့် လူတို့၏လုပ်ဆောင်မှုများကြောင့် ပျက်စီး ပြုန်းတီးနိုင်သည့် အခြေအနေရှိသော သန္တာကျောက်တန်းကျောက်ခက်များကို ထိန်းသိမ်း ကာကွယ် နိုင်ရန် ညွှန်ကြားချက်အမှတ် (၄/၂၀၂၀) အား ၅--၂၀၂၀ နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ |