အဓိကအကြောင်းအရာသို့ သွားမည်
x
ငါးလုပ်ငန်းကြီးကြပ်ရေးနှင့် အခွန်ဌာနခွဲ

ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းကြီးကြပ်ရေးနှင့် အခွန်ဌာနခွဲသည် ငါးဖမ်းသယံဇာတများ ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး၊ ငါးလုပ်ငန်းဆိုင်ရာသယံဇာတစစ်တမ်းများ ပိုမို မြှင့်တင် နိုင်ရေး၊ ငါးလုပ်ငန်း စာရင်းအင်း အချက်အလက်များ စုဆောင်းခြင်းနှင့် ရေချို၊ရေငန်းငါးဖမ်းလုပ်ငန်း ကြီးကြပ်ခြင်း အပါအဝင် ဖမ်းဆီးထုတ်လုပ်သောငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူ ဆောင်ရွက်လျှက်ရှိပါသည်။ အဆိုပါတာဝန်ဝတ္တရားများနှင့်အညီ ငါးလုပ်ငန်း ကြီးကြပ် ရေးနှင့် အခွန်ဌာနခွဲသည် အဏ္ဏဝါငါးဖမ်းသယံဇာတများကို ရေရှည်တည်တံ့စွာ ထုတ်လုပ်နိုင်ရေး အတွက် အောက်ပါငါးလုပ်ငန်းစီမံခန့်ခွဲမှုအစီအမံများဖြင့် ဆောင်ရွက်လျှက်ရှိပါသည်-

  • ငါးဖမ်းရေယာဉ်လိုင်စင်မှတ်ပုံတင်ခြင်းများကို ကြီးကြပ်ခြင်း။
  • ငါးဖမ်းကိရိယာများနှင့် ရေယာဉ်မှတ်တမ်းများကို လိုင်စင်ထုတ်ပေးခြင်း။
  • ငါးဖမ်းဧရိယာအလိုက် ရေယာဉ်အမှတ်အသားပြုလုပ်ခြင်း။
  • ငါးဖမ်းလိုင်စင်အသစ်ထုတ်ပေးခြင်းအပေါ် ကန့်သတ်ချက်များ။
  • ငါးဖမ်းရေယာဉ်အသစ်တည်ဆောက်မှုအပေါ် ကန့်သတ်ချက်များ။
  • ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရီယာများသတ်မှတ်ခြင်း။
  • ငါးထိန်းသိမ်းရေးနယ်မြေများ ထူထောင်ခြင်း။
  • ငါးဖမ်းကိရိယာများ၊ငါးဖမ်းနည်းစနစ်များ၊ ဖမ်းဆီးမည့်ရေသတ္တဝါမျိုးစိတ်များ၊ ငါးဖမ်း ပိုက်ကွက်အရွယ်အစားများနှင့် ငါးဖမ်းရက်များကို တားမြစ်ခြင်း။
  • ရေထွက်ကုန်ပစ္စည်းမျာတင်ပို့နိုင်ရေးအတွက် တရားဝင်ငါးဖမ်းဆီးခြင်း အသိအမှတ်ပြု လက်မှတ် ( Catch Certificate )များထုတ်ပေးခြင်း။
  • ငါးဖမ်းရေယာဉ်အဝင်/အထွက်စနစ်နှင့် ရေယာဉ်မှတ်တမ်းများအပါအဝင် ရေယာဉ် ထွက်ခွာခွင့်အမိန့်များနှင့်ပတ်သက်၍ ကြီးကြပ်ခြင်း။
  • VMS စနစ်ဖြင့် ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ငါးသယ်ရေယာဉ်များကို စီမံခန့်ခွဲခြင်း။
  • ငါးဖမ်းလုပ်ငန်းဆိုင်ရာ သုတေသနမှတ်တမ်းများကို ထိန်းသိမ်းခြင်း။

 

မြန်မာ့အဏ္ဏဝါသယံဇာတအရင်းအမြစ်များထိန်းသိမ်းခြင်း

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဉီးစီးဌာနသည် မြန်မာ့ ငါးဖမ်းရေပြင်အတွင်း ငါးသယံဇာတများအား ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ရေရှည်တည်တံ့သော ပင်လယ်ငါးဖမ်းလုပ်ငန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ၁၉၉၃-၉၄ ခုနှစ်မှ စတင်ကာ ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရဧရိယာများအား သတ်မှတ်ထုတ်ပြန်လျက်ရှိပါသည်။ ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း အစုအဖွဲ့ အလုပ်ရုံဆွေးနွေးပွဲများနှင့် အစည်းအဝေးများအပြီးတွင် မြန်မာ့ ပင်လယ်ပြင်အတွင်းရှိ ငါးဖမ်းဧရိယာအားလုံးကို ငါးမဖမ်းရဧရိယာများအဖြစ် သတ်မှတ်ခဲ့သည်။ ဤသတ်မှတ်ချက်သည် ၂၀၁၇-၂၀၁၈ ခုနှစ်အထိနှစ်စဉ် ငါးဖမ်းလုပ်ငန်းများကို တဖြည်းဖြည်း လျှော့ချရန်ခွင့်ပြုထားသည်။ သို့သော် လည်း ၂၀၁၈-၂၀၁၉ ခုနှစ်မှ ယနေ့အထိ ငါးမဖမ်းရကာလအား သုံးလကြာအဖြစ် သတ်မှတ် ထုတ်ပြန်လျှက်ရှိပါသည်။

 

တရားမဝင်ငါးဖမ်းဆီးခြင်းများကို မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဟန့်တားပပျောက်စေရန် ဆောင်ရွက်ခြင်း

          ငါးလုပ်ငန်းဦးစီးဌာနသည် ပင်လယ်ငါးဖမ်းလုပ်ငန်းကို နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍နိုင်ငံတကာဥပဒေများနှင့် တည်ဆဲမြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေ တို့ဖြင့်အတူတကွပူးပေါင်းစီမံဆောင်ရွက်လျက်ရှိပါသည်။ ဥရောပသမဂ္ဂကောင်စီသည် စည်းမျဉ်း အမှတ်1005/2008 နှင့် 1010/2009 တို့ကိုထုတ်ပြန်ခဲ့ပြီး တရားမဝင် ငါးဖမ်းဆီးခြင်းကို တားဆီးရန်၊ ဟန့်တားရန်နှင့် ပပျောက်ရန်အတွက် နိုင်ငံများအတူတကွ ပူးပေါင်းပါဝင်သော စနစ်တစ်ခုကို တည် ထောင်ခဲ့သည်။ ဥရောပသမဂ္ဂကော်မရှင်သည် ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ရေထွက် ကုန်များတင်ပို့ရန် တရားဝင်ငါးဖမ်းဆီးခြင်းအသိအမှတ်ပြုလက်မှတ်( Catch Certificate )များ           ပေးပို့/လက်ခံခြင်းအစီအစဉ်ကို စတင်ခဲ့ပြီး မြန်မာနိုင်ငံသည် မတ်လ ၃၁ ရက်နေ့မှ စတင်၍ ဥရောပအဖွဲ့ဝင်နိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့နိုင်မည့်နိုင်ငံများစာရင်းတွင် ပါဝင်ခဲ့သည်။ ဥရောပသမဂ္ဂကော်မရှင် စည်းမျဉ်း 1005/2008 နှင့် 1010/2009 တို့ကို လိုက်နာပြီး၊ ဥရောပ သမဂ္ဂကော်မရှင်၏ ပညာရှင် အကူအညီဖြင့် ဥရောပသမဂ္ဂကော်မရှင်၏ စည်းမျဉ်းများနှင့် အညီ တရားမဝင်ငါးဖမ်းဆီးခြင်းအား တိုက်ဖျက်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနသည် ရေထွက်ကုန် ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် တရားဝင်ငါးဖမ်းဆီးခြင်း အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း အစီအစဥ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

          ထို့အပြင် ASEAN Catch Documentation Scheme (eACDS) ရှေ့ပြေးအစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် ငါးတင်/ငါးချဆိပ်ကမ်းနှစ်ခုဖြစ်သည့် ရန်ကုန်မြို့ရှိ အိဖြိုးရတနာနှင့် ငွေပင်လယ် ငါးတင်/ ငါးချဆိပ်ကမ်းတို့၌ စတင်ဆောင်ရွက်ခဲ့ပါသည်။ အရှေ့တောင်အာရှ ငါးလုပ်ငန်းဖွံ့ဖြိုးရေးဗဟိုဌာန (SEAFDEC)မှ eACDS အဖွဲ့သည် eACDS အက်ပလီကေးရှင်း ဖန်းတီးနိုင်ရန် လိုအပ်သော အချက်အလက်များကို စုဆောင်းရန်အတွက် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၃ ကြိမ် လာရောက်လည်ပတ်ခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် တရားမဝင်ငါးဖမ်းဆီးခြင်းအား တိုက်ဖျက်ရန် နှင့် ဒေသတွင်းနှင့်နိုင်ငံတကာသို့ ရေထွက်ပစ္စည်းများတင်ပို့နိုင်ရေးအတွက်eACDS အက်ပလီ ကေးရှင်းကို ဖန်တီးနိုင်ရေးအတွက် လိုအပ်သောပံ့ပိုးမှုများဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ eACDS အက်ပလီကေးရှင်းကိုဖန်တီးခြင်း မှတစ်ဆင့် ဒေသတွင်းနိုင်ငံများ၏ အချက်အလက်များမျှဝေနိုင်ပြီး တရားမဝင်ငါးဖမ်းဆီးခြင်းနှင့် တရားမဝင်ရေထွက်ကုန်ပစ္စည်းများတင်ပို့ခြင်းများကို တိုက်ဖျက် ဟန့်တားနိုင်မည် ဖြစ်ပါသည်။ 

 

ငါးဖမ်းရေယာဉ်များ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ထိန်းချုပ်ခြင်းစနစ်

 (Vessel Monitoring System)

          ၂၀၁၉ ခုနှစ်တွင်စတင်ခဲ့သော ငါးဖမ်းရေယာဉ်များကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် ထိန်းချုပ်ခြင်းစနစ် (Vessel Monitoring System)သည် ၂၀၁၉-၂၀၂၀ ငါးဖမ်းရာသီစတင်ချိန် တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ စက်တင်ဘာ ၁ ရက်တွင် စတင် တပ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၀ ခုနှစ်တွင် ကမ်းဝေးငါးဖမ်းရေယာဉ်များ အားလုံးကို VMS စက် ကိရိယာများဖြင့် တပ်ဆင်ထားနိုင်ခဲ့ပါသည်။ ထို့အပြင် မြန်မာ့ပင်လယ်ငါးဖမ်းရေပြင်အတွင်း လုပ်ကိုင်နေသောကမ်းဝေးငါးဖမ်းရေယာဉ်များကိုလည်း ကမ်းရိုးတန်းတိုင်းဒေသကြီးများ နှင့် ပြည်နယ်များရှိ VMS Control Center ငါးခုနှင့် နေပြည်တော်ရှိ VMS Control Center မှ  စောင့်ကြည့်ထိန်းချုပ်လျက်ရှိပါသည်။

 

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းမျာတင်ပို့နိုင်ရေးအတွက် တရားဝင်ငါးဖမ်းဆီးခြင်း အသိ အမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း

          ၂၀၁၀ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ငါးလုပ်ငန်းဦးစီးဌာနသည် ရေထွက် ကုန် ပစ္စည်းများ ထုပ်လုပ်တင်ပို့ခြင်းလမ်းကြောင်းတွင် တရားမဝင်ရေထွက်ကုန်များတင်ပို့ခြင်းကို တားဆီးရန် အတွက် ဥရောပသမဂ္ဂမှ သတ်မှတ်သည့် စည်းမျဉ်းများနှင့်အညီ တရားဝင် ငါးဖမ်းဆီးခြင်း အသိ အမှတ်ပြုလက်မှတ်များထုတ်ပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ အထူးသဖြင့် တနင်္သာရီတိုင်း ဒေသကြီးမှ တင်ပို့သည့် ရေထွက်ကုန်များအတွက် တရားဝင်ငါးဖမ်းဆီးခြင်းအသိအမှတ်ပြု လက်မှတ်များကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရေး အတွက် ထုတ်ပေးခဲ့ပါသည်။

 

ရာသီဥတုဆိုးရွားချိန်များ လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန်အတွက် ရာသီဥတုခိုလှုံရာနေရာများ ထုတ်ပြန်ခြင်း

          ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးဖမ်းရေပြင်တွင် ငါးဖမ်းရာတွင်ပါဝင်သည့် နိုင်ငံသားပိုင် ကမ်းနီး/ ကမ်းဝေး ငါးဖမ်းရေယာဉ်များ မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များ လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန်အတွက် ရာသီဥတုခိုလှုံရာနေရာများ ကိုနှစ်စ် ထုတ်ပြန် လျက်ရှိပါသည်။ ထို့သို့ထုတ်ပြန်ပေးခြင်းအားဖြင့် မုတ်သုံရာသီဥတု ဆိုးရွားချိန်တွင် ငါးဖမ်း ရေယာဉ်များနှင့် ရေလုပ်သားများသည် ကျွန်းများပေါ်တွင် ဘေးကင်းစွာခိုလှုံနိုင်ပါသည်။