တနင်္သာရီကမ်းရိုးတန်း ငါးသယံဇာတနှင့် ရေအောက်ဇီဝဗေဒဆိုင်ရာ သုတေသနပြုလုပ်မည်
တနင်္သာရီကမ်းရိုးတန်းပင်လယ်ရေပြင်၏ ငါးနှင့် ငါးများနေထိုင်ကျက်စားရာ ရေအောက်ဇီဝဗေဒအခြေအနေကို ဆန်းစစ်သုတေသနပြုရန်၊ ငါးသယံဇာတ စီမံခန့်ခွဲမှုလုပ်ငန်းများကို အထောက်အပံ့ပေးနိုင်ရန်နှင့် မြန်မာ့ငါးလုပ်ငန်းရေပြင်အတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စွာ တည်ရှိနေစေရန်အတွက် အရှေ့တောင်အာရှဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ (SEAFDEC) ၏ M.V.SEAFDEC 2 သုတေသနရေယာဉ်ဖြင့် တနင်္သာရီကမ်းရိုးတန်းရေပြင်တွင် ရက်ပေါင်း (၃၀) ကြာ ငါးသယံဇာတသုတေသနပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
သုတေသနရေယာဉ်ဖြင့် ငါးသယံဇာတသုတေသနပြုဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၂၁) ရက် ညနေ (၄) နာရီခွဲတွင် ကျွန်းစုမြို့နယ်၊ ပထက်ကျေးရွာရှိ ပြည့်ဖြိုးထွန်းဆိပ်ခံတံတား၌ ကျင်းပရာ၊ ဦးစွာ တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက သုတေသနဆောင်ရွက်ခြင်းဖြင့် အောက်ပါအချက်များကို သိပ္ပံနည်းကျလေ့လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
တနင်္သာရီကမ်းရိုးတန်း ပတ်ဝန်းကျင်အခြေအနေ၊ ရေ၏ ဓာတုဗေဒနှင့် ရူပဗေဒဆိုင်ရာ အချက်အလက်များ၊ အပင်မျှောလှေးများ၊ သတ္တမျှောလှေးများ၊ ငါးဥနှင့် သားလောင်းများ ပါဝင်မှု၊ ငါးသယံဇာတ တည်ရှိမှုအခြေအနေ တို့ဖြစ်ပါသည်။
၎င်းရရှိလာမည့် ရလာဒ်များအရ သယံဇာတထိန်းသိမ်းရေးလုပ်ငန်းများကို တိကျစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုင်းဒေသကြီး၏ ငါးသယံဇာတ စီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းမှုများအတွက် များစွာ အထောက်အကူဖြစ်စေမည်ဟု ၎င်းကထပ်လောင်းပြောကြားသည်။
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ငါးသယံဇာတသုတေသနပြုလုပ်ငန်းများ ဆောင်ရွက်သည့် ရည်ရွယ်ချက်များ၊ မြန်မာ့ငါးလုပ်ငန်းရေပြင်တွင် ယခင်က သုတေသနပြုဆောင်ရွက်ပြီးခဲ့မှုများ၊ ယခုသုတေသနဆောင်ရွက်မည့် အစီအစဉ်များ၊ သုတေသနပြုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ M.V. SEAFDEC 2 သုတေသနရေယာဉ်မှ သုတေသနပညာရှင် Mr. NAKARET YASUK က ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းက ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် SEAFDEC 2 ရေယာဉ်ဖြင့် ထိုင်းနှင့် မြန်မာ ပညာရှင်များ ပူးပေါင်း၍ တနင်္သာရီကမ်းရိုးတန်းရေပြင်အတွင်း သုတေသနပြုခြင်း အမှတ်တရလက်ဆောင်များအား ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ပေးအပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ရေယာဉ် Captain တို့က လက်ခံကြသည်။ ဆက်လက်၍ တက်ရောက်လာကြသူများက သုတေသနရေယာဉ်ပေါ်သို့ တက်ရောက်လေ့လာခဲ့ကြရာ ရေယာဉ် Captain နှင့် Local Cruise Leader များက ရှင်းလင်းပြသခဲ့ကြသည်။
သုတေသနလုပ်ငန်း၏ အဓိကရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ
ငါးသယံဇာတသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည်။
၁။ ငါးဖြန့်ဖြူးတည်ရှိမှုလေ့လာနိုင်ခြင်း
တနင်္သာရီကမ်းရိုးတန်းရေပြင်ရှိ ငါးများ၏ ကွဲပြားခြားနားသော ရေပြင်အလိုက်၊ မျိုးစိတ်အလိုက်၊ အရွယ်အစားအလိုက် ပျံ့နှံ့တည်ရှိမှုအား လေ့လာနိုင်မည်။
၂။ တစ်နာရီငါးအထိမ်အမြောက်တွက်ချက်နိုင်ခြင်း
ငါးဖမ်းကိရိယာအမျိုးအစားအလိုက် ငါးဖမ်းလှေများအား ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်နိုင်မည်။
၃။ မျိုးပွားမှုဆိုင်ရာလေ့လာနိုင်ခြင်း
ငါးများ၏ မျိုးပွားအင်္ဂါအရွယ်ရောက်မှု၊ ငါးသယံဇာတ ပေါက်ပွားမှုနှင့် အစာကွင်းဆက်စနစ်အား လေ့လာနိုင်မည်။
၄။ သားပေါက်ရာသီသတ်မှတ်နိုင်ခြင်း
အပင်မျှောလှေး၊ သတ္တမျှောလှေး၊ ငါးဥနှင့် သားပေါက်ရာသီအား လေ့လာသိရှိခြင်းမှတစ်ဆင့် ငါးမျိုးစိတ်အလိုက်၊ နေရာဒေသအလိုက် ငါးမျိုးပွားရာသီများကို သတ်မှတ်၍ ထိန်းသိမ်းနိုင်မည်။
၅။ အဏ္ဏဝါအမှိုက်သရိုက် စီမံခန့်ခွဲမှု
အဏ္ဏဝါအမှိုက်သရိုက် တည်ရှိမှု အမျိုးအစားနှင့် ပမာဏအား လေ့လာပြီး ကမ်းရိုးတန်းအလိုက် အမှိုက်သရိုက်စီမံခန့်ခွဲမှု စီမံချက်များအား ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်။
၆။ ရေရှည်တည်တံ့သော အသုံးချမှုနှင့် လူမှုစီးပွားဘဝမြှင့်တင်ခြင်း
ငါးသယံဇာတများကို ရေရှည်တည်တံ့စွာဖြင့် အကျိုးရှိစွာအသုံးချနိုင်မည်ဖြစ်ပြီး ရေလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေမည်။
သုတေသနပြုလုပ်မည့်အဖွဲ့နှင့် ကာလ
အဆိုပါသုတေသနလုပ်ငန်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ (၂၂) ရက်မှ မတ် (၂၂) ရက်အထိ တနင်္သာရီကမ်းရိုးတန်းရေပြင်တွင် နိုင်ငံတကာပညာရှင် (၅) ဦးနှင့်အတူ ငါးလုပ်ငန်းဦးစီးဌာနမှ ပညာရှင်များ၊ မြိတ်တက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ်တို့မှ ပညာရှင်များ၊ တပ်မတော် (ရေ) မှ ပညာရှင်များ စုစုပေါင်း ပညာရှင် (၁၂) ဦးနှင့် ရေယာဉ်တာဝန်ရှိဝန်ထမ်း (၁၆) ဦးတို့ လိုက်ပါ၍ သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
